မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ
- Hac Ker
- Jul 26, 2020
- 2 min read
A.327
“ခုဇ္ဇုတ္တရာ” ၏ ဝဋ်ကြွေး
(26/5/2020)(583)
အမှားတစ်ခု လုပ်တယ်ဆိုတာ ရယ်စရာအနေနဲ့လည်းသွားမလုပ်လေနဲ့။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေကို သွားပြီး ရယ်စရာ လုပ်မိလို့ရှိရင် ဆိုးကျိုးတွေ
ရောက်လာတတ်တယ်။
သာမာဝတီ ရဲ့ အလုပ်အကျွေးထဲမှာ “ခုဇ္ဇုတ္တရာ”
(ခုဇ္ဇာ+ဥတ္တရာ) သူ့နာမည်ကတော့ “ဥတ္တရာ”။
သို့သော် ခါးလေးကုန်းနေလို့ သူ့ကို
ခုဇ္ဇုတ္တရာ လို့ခေါ်တယ်။
ခုဇ္ဇုတ္တရာ ဆိုတာ အလွန်ပညာထက်တယ်၊
ပိဋကတ်သုံးပုံထဲမှာ ဣတိဝုတ္တက ဆိုတဲ့ကျမ်းရှိတယ်။ အဲဒီကျမ်းဟာ ခုဇ္ဇုတ္တရာ နေ့စဉ် ဘုရားဆီသွားတရားနာ၊နာပြီးရင် သာမာဝတီတို့ကို ပြန်ဟောတဲ့တရားပဲ။အဲဒါကို ဣတိဝုတ္တက ကျမ်းလို့ ခေါ်တယ်။
●ခုဇ္ဇုတ္တရာက ဘာဖြစ်လို့ ကျွန်မဖြစ်သလဲ၊
ဘာဖြစ်လို့ ခါးကုန်းရသလဲ၊ ကြည့်နော်။
သံသရာခရီးသွားနေတဲ့အချိန်မှာ
သူဘာအမှားလုပ်ခဲ့သလဲ။
တစ်ချိန်က သူတို့နန်းတော်ကို ပစ္စေကဗုဒ္ဓါ တွေ
ကြွကြွပြီးတော့ လာကြတယ်။
အဲဒီအထဲမှာ ပစ္စေကဗုဒ္ဓါတစ်ဆူက
ခါးလေးနဲနဲကုန်းနေတယ်။
ခုဇ္ဇုတ္တရာအလောင်းက ရွှေခွက်လေးကိုပွေ့ပြီး၊
ဝတ်ရုံလေးကို အပေါ်ကခြုံလို့
“တို့ ပစ္စေကဗုဒ္ဓါ က ဟောလိုလေးကြွတာ”ဆိုပြီးတော့ ခါးလေးကုန်းပြီး သွားပြတယ်။
ရယ်စရာလုပ်တာနော်။
●အဲဒီ ရယ်စရာလုပ်ခဲ့တဲ့ အမှားလုပ်ရပ်ကြောင့်
ဖြစ်လေရာ ဖြစ်လေရာဘဝမှာ ခါးကုန်းမကြီး
ဖြစ်နေတယ်။ ကြည့်၊ ဒါကြောင့်မို့
သံသရာသွား အမှားမလုပ်မိစေနဲ့တဲ့။
●ဘာဖြစ်လို့ ကျွန်မ ဖြစ်ရတာတုန်းဆိုတော့
တစ်ခုသော ဘဝမှာ သူက သူဌေးသမီး ဖြစ်တယ်။
အဲဒီခေတ်က ဘုရားတစ်ဆူရဲ့လက်ထက်ဆိုတော့
ဘိက္ခုနီမတွေရှိတယ်။
ရဟန္တာဘိက္ခုနီမတွေက သူ့အိမ်လာလည်
ကြတယ်။ သူဌေးသမီးနဲ့ရင်းနှီးတဲ့
ရဟန္တာဘိက္ခုနီမတွေ အိမ်ကို
အလည်အပတ်လာတဲ့အခါ သူဌေးသမီးက
သနပ်ခါးလိမ်းနေတယ်ပေါ့နော်။
သနပ်ခါးလိမ်းနေတော့ တစ်ခုခုလိုချင်တယ်။
အနားမှာ ခိုင်းစရာလူမရှိတော့ အဲဒီ ဘိက္ခုနီမကို
သူခိုင်းမိတယ်။
►အခုခေတ်လည်း လူတွေ ပြောတတ်တယ်၊
“မရိုမသေ ဒါလေး လုပ်ပေးစမ်းပါ”။
မရိုမသေလို့ ဆိုကတည်းက ရိုသေတာ မဟုတ်ဘူး။ လူတွေက ထင်တယ်၊
မရိုမသေလို့ ပြောလိုက်ရင် အပြစ်မဖြစ်ဘူး
လို့ ထင်နေတယ်။ မဟုတ်ဘူးနော်။
သူပြောတာကိုက မရိုမသေလို့ပြောလိုက်တာကိုး။
“အရှင်မရေ အနားမှာ ဘယ်သူမှမရှိလို့
ရေလေးတစ်ခွက် မရိုမသေ ယူပေးစမ်းပါ”လို့
ခိုင်းတယ်။ အဲဒီမှာ ရဟန္တာဘိက္ခုနီမကသိပြီ။
ငါယူမပေးရင် သူစိတ်ဆိုးလိမ့်မယ်။
စိတ်ဆိုးရင် ငရဲကျမယ်။
ငါယူပေးလို့ရှိရင် သူ ဘာဖြစ်မလဲ။
ကျွန်ဖြစ်မယ်။
အေး၊ ကျွန်ဖြစ်တာက ငရဲထက်စာရင်တော့
သက်သာသေးတယ် ဆိုပြီးတော့
ဘိက္ခုနီမက ယူပေးလိုက်တယ်။
ယူမပေးရင် သူက စိတ်ဆိုးဦးမှာလေ။
အိမ်တောင်နောက်အလာခံချင်မှ ခံမယ်။
ဟုတ်ကဲ့လား။
►အဲဒါသတိထား။
သီလရှင် ဆရာလေးတွေ အိမ်လာရင်
“ဆရာလေး၊ ဒါလေးလုပ်ပေးစမ်းပါ”လို့ သွားမခိုင်း
လေနဲ့နော်။ မရိုမသေဆိုပြီး ခိုင်းတတ်ကြတယ်။
လူတွေက မရိုမသေခိုင်းတယ် ဆိုကတည်းက
ရိုမှမရိုသေတာပဲ။ အေး ကောင်းပြီ၊
အဲဒီလို ခိုင်းလိုက်တာကို အကြောင်းပြုပြီးတော့
တစ်ခါခိုင်းလိုက်မိတာနဲ့ ဖြစ်လေရာ ဖြစ်လေရာဘဝမှာ သူများအခိုင်းခံကျွန်မ ဖြစ်တယ်တဲ့။
ဒါကြောင့်မို့လို့ သံသရာခရီးသွားတဲ့ အချိန်မှာ
“အမှားမလုပ်မိစေနဲ့”လို့ပြောတာ။ အဲဒါ သတိထား။
မြန်မာတွေ ခိုင်းတတ်တယ်နော်။
“ကန်တော့ပါရဲ့”ဆိုပြီး တော့လဲခိုင်းတယ်။
ပါးစပျကဆိုတာ။
အဟုတ်လည်း ကန်တော့တာ မဟုတ်ဘူးနော်။
အေး၊ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ဦးကို ခိုင်းမိပြီဆိုလို့ရှိရင် အဲဒီလိုဒုက္ခရောက်တတ်တယ်။
ရယ်စရာအနေနဲ့တောင်မှ တစ်ဖက်သားကို
နစ်နာအောင် မလုပ်ထိုက်ဘူး။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
=================
"ခုဇ္ဇုတ္တရာ"
အမည် = ခုဇ္ဇုတ္တရာ ရှင်မ
ရရှိသည့်ဧတဒဂ်ဘွဲ့ = ဗဟုသုတ
အကြားအမြင်များ သောအရာ၌ ဧတဒဂ်ဘွဲ့။
#ရှေးဆုတောင်း
ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက် တော်အခါ၌ ဟံသာဝတီပြည်ဝယ် သူဋ္ဌေးသမီးဖြစ်လတ်၍ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတဦးကို ဗဟုဿုတ= အကြားအမြင်များသော အရာဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်တွေ့အားကျလျက် ကုသိုလ်ကောင်းမှုပြု၍ မြတ်စွာဘုရား အထံတော်၌ ဧတဒဂ်ဆုကို တောင်းကာ ဗျာဒိတ်ခံယူလေသည်။
#နောက်ဆုံးဘဝ
ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူသည့်ကာလ ကောသမ္ဗီပြည် ဃောသက သူဋ္ဌေးကြီး၏အိမ်ဝယ် အထိန်းတော်ကြီး၏ သမီး ဖြစ်လာလေသည်။ ကိုယ်ခန္ဓာခပ်ကုန်းကုန်းရှိသော
ကြောင့် အထိန်းတော်ကြီး၏ သမီးငယ်အား
ခုဇ္ဇုတ္တရာဟု မှည့်ခေါ်ကြလေသည်။
အရွယ်သို့ရောက်လတ်သော် ခုဇ္ဇုတ္တရာသည် ဃောသကသူဋ္ဌေးကြီး၏ မွေးစားသမီးဖြစ်သော သာမာဝတီမိဖုရား၏ အခြွေအရံ လက်သုံးတော် လူယုံ အဖြစ်ဖြင့် ဥဒေနဘုရင်၏ နန်းတော်သို့ လိုက်ပါသွားရ၏။
မြတ်စွာဘုရားသည် သူဋ္ဌေးသုံးဦး၏ ပင့်လျှောက် တောင်းပန်မှုကြောင့် ကောသမ္ဗီပြည်သို့ ကြွရောက် သီတင်းသုံး နေတော်မူခိုက်ဖြစ်၏။ တနေ့တွင် မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် ပန်းသည်မကြီး၏ အိမ်၌ နေတော်မူစဉ် သာမာဝတီ မိဖုရား၏ အလုပ်အကျွေး လူယုံတော်ဖြစ်သော ခုဇ္ဇုတ္တရာသည် ပန်းဝယ်ရန် ရောက်ရှိလာကာ ပန်းသည်မကြီး၏ ဆွမ်းအလှူတွင် ဝေယျာဝစ္စကို ဝိုင်းဝန်ကူညီ လုပ်ကိုင်ပေးလေသည်။
ထို့နောက် ဆွမ်းကိစ္စပြီးစီး၍ မြတ်စွာဘုရား ဟောကြားအပ်သော ဥပနိသိန္နကထာ တရားစကား အလုံးစုံကို နှုတ်ငုံရအောင် သင်ယူပြီးမောက် အနုမောဓနာတရား ကြားနာရသောအခါ၌ သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့၌ ခုဇ္ဇုတ္တရာသည် အခြားနေ့များ၌ကဲ့သို့ ပန်းဖိုးလေးကျပ်ကို ဝှက်ယူထားခြင်းမရှိဘဲ မိမိအား စေခိုင်းသည့်အတိုင်း ပန်းရှစ်ကျပ်ဖိုး အပြည့်ဝယ်ကာ သာမာဝတီမိဖုရား အထံသို့ ပြန်သွားပြီး ပန်းများပေးအပ်ပြီးလျှင် ယခင်က မိမိ၏ လိမ်လည်မှုများကို ဖွင့်ဟပြောကြား ဝန်ခံလေသည်။
ထို့နောက် သာမာဝတီမိဖုရားနှင့် ရံရွေဖော်ငါးရား တို့အား မြတ်စွာဘုရားထံမှ မိမိကြားနာခဲ့ရသည့် တရားတော်တို့ကို ပြန်လည်ဟောကြားရာ တရားဒေသနာ အဆုံး၌ သာမာဝတီအမှူးပြုသော မင်းမိန်းမပေါင်း ငါးရားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေ၏။ နောက်တနေ့များတွင်လည်း ခုဇ္ဇုတ္တရာသည် မြတ်စွာဘုရားထံမှ တရား ဒေသနာတော်များကို ကြားနာပြီးလျှင် ဆောင်ယူမှတ်သား၍ မင်းမိန်မတို့အား နန်းတော်၌ပင် တဆင့်ပြန်၍ ဟောကြမှုကို ပြုလေသည်။
ခုဇ္ဇုတ္တရာသည် မင်းမိန်းမတ်ု့ တောင်းပန်သည့်အတိုင်း မြတ်စွာဘုရား အထံတော်သို့ နေ့စဉ်နေ့တိုင်း သွား၍ဤတရားနာယူပြီးလျှင် နန်းတော်သို့ တဖန်ပြန်လာ၍ သာမာဝတီမိဖုရားနှင့် ရံရွေတော်အပေါင်းတို့အား ဘုရား ဟောတော် မူသည့်နည်းအတိုင်း မိမိနာကြားခဲ့ရသော တရားများကို တဖန်ပြန်၍ ဟောဖြစ်ရာ ခုဇ္ဇုတ္တရာ ပြန်၍ ဟောကြားအပ်သော သုတ်ပေါင်း ၁၁၂ သုတ်ရှိလျက် ဣတိဝုတ္တကပါဠိတော် ဟူသော အမည်ဖြင့် သံဃာယနာ တင်တော်မူခဲ့ကြသည်။ ခုဇ္ဇုတ္တရာသည် ဤသို့ ပိဋကတ်တော်ကို နှုတ်ငုံဆောင်နိုင်သဖြင့် ပိဋကတ်သုံးပုံဆောင် တိပိဋကဓရ အမျိုးသမီးကြီး ဖြစ်ခဲ့လေသည်။
မြတ်စွာဘုရားက ဥပါသကာတို့အား အစဉ်အတိုင်း ဧတဒဂ်ရာထူး၌ ထားတော်မူလတ်သည်ရှိသော် ခုဇ္ဇုတ္တရာရှင်မအား ``ဗဟုဿုတ= အကြားအမြင်များသည့်အရာဝယ် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏´´ဟု ချီးကျူးမိန့်မြွက်တော် မူလျက် ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။
မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ
စာအုပ် အပိုင်း (၄)မှ
သမိုင်းအကြောင်း
https://www.facebook.com/pg/www.history/about/
Σχόλια